Pages

Monday, January 14, 2013

အခြေခံပညာတွင် ဝိဇ္ဇာ/သိပ္ပံ မခွဲရန်၊ စိတ်ကြိုက် တက္ကသိုလ်ရွေးရန် ကွန်ယက် တိုက်တွန်း

by Mizzima - News in Burmese on Monday, January 14, 2013 at 1:01pm ·

ခိုင်သူရိန် | တနင်္လာနေ့၊ ဇန်နဝါရီလ ၁၄ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၅၇ မိနစ်

 

ရန်ကုန် (မဇ္ဈိမ)။   ။ အခြေခံပညာ အထက်တန်း အဆင့်တွင် ဝိဇ္ဇာ/သိပ္ပံဟူ၍ မခွဲဘဲ သင်ကြားရန်နှင့် ကျောင်းသား၏ စိတ်ဝင်စားမှု အလျောက် တက္ကသိုလ်ကို ရွေးချယ်ခွင့်ရှိစေရန် ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက်က ဇန်နဝါရီ ၁၀ ရက်တွင် ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်သည်။

 

အဆိုပါ ကွန်ယက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပညာရေးကွန်ယက်မှ အကြံပေး ဒေါက်တာသိန်းလွင် က ဦးစီးကာ နိုင်ငံတဝှမ်းရှိ တိုင်းရင်းသား ပညာရေးအဖွဲ့များ၊ ဘာသာရေး ဆိုင်ရာ ပညာရေး အဖွဲ့အစည်းများ၊ ဘုန်းတော်ကြီးသင် ပညာကျောင်းများ၊ ကျောင်းသား အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ စုစည်းထားသည့် ကွန်ယက်တခု ဖြစ်သည်။

 

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလအတွင်း၌ မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲရေးအတွက် နှစ်ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲတခု ထိုကွန်ယက်က ဆောင်ရွက်ခဲ့ပြီး ယင်းဆွေးနွေးပွဲမှ ရလဒ်များကို ယခုလို ထုတ်ပြန် ကြေညာခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံတွင် အခြေခံပညာ အထက်တန်းအဆင့်များဖြစ်သည့် နဝမတန်းနှင့် ဒဿမတန်း၌ ဝိဇ္ဇာ/သိပ္ပံ ခွဲခြားကာ သင်ကြားပေးသည့်စနစ်ကို ၂၀၀၀-၂၀၀၁ ပညာသင်နှစ်တွင် ပြန်လည် ကျင့်သုံးခဲ့ပြီး ယင်းစနစ်ကို ဖျက်သိမ်းရေးအတွက် ဤပညာရေးကွန်ယက်က အကြံပြုလိုက်ခြင်း ဖြစ်သည်။

 

"လက်ရှိမှာ ဝိဇ္ဇာ/သိပ္ပံ ခွဲထားတော့ ဝိဇ္ဇာဘာသာရပ်တွေကို နှိမ့်ချထားသလို ဖြစ်နေတယ်။ နောက်ပြီး ၈ တန်းအထိပဲ ဝိဇ္ဇာရော သိပ္ပံပါ သင်ရတာဆိုတော့ အခြေခံပညာမှာ သိသင့်သိထိုက်တဲ့ ကိစ္စတွေ ကျောင်းသားတွေ မသိဘူးဖြစ်ကုန်တယ်" ဟု ဒေါက်တာသိန်းလွင် က ဆိုသည်။

 

အခြေခံပညာအဆင့်တွင် ဝိဇ္ဇာ/သိပ္ပံမခွဲခြားဘဲ သင်ကြားရန် တိုက်တွန်းရခြင်းသည် ဘာသာရပ်များအပေါ် တန်ဖိုးထားမှု တန်းတူညီမျှရှိစေရန်နှင့် ဘာသာရပ်အားလုံး၏ အခြေခံ ပညာရပ်များကို ကျောင်းသားများ တတ်ကျွမ်းစေရန် ရည်ရွယ်သည်ဟု ၎င်းက ရှင်းပြသည်။ 

 

ထို့ပြင် အခြေခံပညာ ပြီးဆုံး၍ တက္ကသိုလ် ရွေးချယ်ရာတွင်လည်း လက်ရှိတွင် ဒဿမတန်း ရမှတ်ကို အခြေပြုကာ တက္ကသိုလ်ရွေးချယ်ရသည့် စနစ်အား ဖျက်သိမ်း၍ ကျောင်းသား၏ စိတ်ဝင်စားမှုအလျောက် တက္ကသိုလ်ရွေးချယ်ရန် ထိုကွန်ယက်က တိုက်တွန်းထားသည်။

 

အဆိုပါ ကွန်ယက်အဖွဲ့ဝင်လည်း ဖြစ်သော NLD ပညာရေးကွန်ယက်၏ ညှိနှိုင်းရေးမှူး ဦးကျော်စိုး က လက်ရှိတွင် ကျောင်းသားများသည် မိမိ၏ အောင်မှတ်ပေါ်အခြေခံကာ တက္ကသိုလ် ရွေးချယ်ကြရသဖြင့် ဝါသနာနှင့် မကိုက်ညီသည့် တက္ကသိုလ်များသို့ ရောက်ရှိကာ လက်တွေ့ဘဝ၌ အဆင်မပြေမှုများ ကြုံတွေ့ရကြောင်း ထောက်ပြသည်။

"ကျောင်းသားရဲ့ ပင်ကိုယ်စရိုက်နဲ့ ကိုက်ညီတာကို လေ့လာရင် အများကြီး ထူးချွန်လာလိမ့်မယ်" ဟု ဦးကျော်စိုး က ဆိုသည်။

 

သို့သော် အဆိုပါစနစ်သို့ကူးပြောင်းလျှင်လည်း ကျောင်းသားမိဘများက ၎င်းတို့နှစ်သက်ရာ တက္ကသိုလ်ကို ရွေးချယ်ရန် သားသမီးများအား ဖိအားပေးလာနိုင်သဖြင့် "ကျောင်းသားတွေကို တက္ကသိုလ်လမ်းညွှန် စာအုပ်တွေ ထုတ်ပေးမယ်၊ မိဘတွေနဲ့လည်း ဆွေးနွေးမှုတွေ လုပ်မယ်" ဟု ပညာရေး ပါရဂူတဦးလည်းဖြစ်သူ ဒေါက်တာသိန်းလွင် က ဆိုသည်။

 

ကွန်ယက်သည် ၎င်းတို့၏ အကြံပြုချက်များအား လွှတ်တော်သို့ တင်ပြကာ အမျိုးသား ပညာရေး ဥပဒေတရပ် ထွက်ပေါ်လာသည်အထိ ဆောင်ရွက်သွားမည်ဟုလည်း ကြေညာချက်တွင် ပါရှိသည်။


Like ·  · Share

No comments:

Post a Comment