The Voice Weekly · 116,720 like this
- တရားစီရင်ရေးအာဏာကို တစ်ဦးတစ်ယောက်တည်း ပေးထားခြင်းဟာ ….
......................................................................................
တင်အောင် (မိုးကုတ်)
(၁၈-၂-၂ဝ၁၃) ရက်နေ့ထုတ် The Voice Weekly မှာ ကျွန်တော် ရေးခဲ့တဲ့ "တရားဥပဒေ စိုးမိုးရေးနှင့် မတရားဥပဒေ မစိုးမိုးရေး" ဆိုတဲ့ ဆောင်းပါးမှာ တစ်ဦးထိုင် တရားသူကြီးဖြင့် တရားစီရင်သော စနစ်ကို ကျွန်တော်လုံးဝ (လုံးဝ) အယုံအကြည်မရှိပါ ဟုလည်းကောင်း၊ ပယ်ဖျက်သင့်သော ဥပဒေတစ်ခုကို ကျွန်တော့်အား ဦးစားပေးရွေးချယ် ခွင့်ပြုခဲ့လျှင် (၂၀၁၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေ) ကို ပယ်ဖျက် ရန် ကျွန်တော် အဆိုတင်သွင်းပါမည်ဟု လည်းကောင်း ရေးခဲ့ပါသည်။ ထိုအကြောင်း အရာလေးကို စာဖတ်သူများအား ရှင်းလင်းရန် (တရားရုံးအခေါ် လျှောက်လဲချက်ပေးရန်) တာဝန်ရှိပါတယ်။ စာဖတ်သူ ပရိသတ်အနေ ဖြင့် မိမိကိုယ်ကိုယ် တရားသူကြီးများပမာ အရာထားပြီး ဝေဖန်သုံးသပ် ဆုံးဖြတ်ကြပါကုန် ...။
တရားသူကြီးတစ်ယောက်သည် တရားစီရင်ပိုင်ခွင့် အာဏာတွင်း ရောက်လာသော လူတစ်ယောက်၏ အသက်ကို ဥပဒေအရ သေစေနိုင်သည်၊ သို့မဟုတ် လူတစ်ယောက်၏ အသက်ကို ဥပဒေ အရ ဆက်လက်ရှင်သန်ခွင့်ကို ပေးနိုင်သည်။ ထို့ပြင် လူတစ်ယောက် ကို ဥပဒေအရ ထောင်နှစ်အကန့်အသတ်မရှိ ထောင်တွင်းနေစေရန် အမိန့်ချနိုင်သကဲ့သို့ အဆိုပါအမိန့်ကို ဥပဒေအရ ပယ်ဖျက်နိုင်သူများ လည်းဖြစ်သည်။ တရားသူကြီးများသည် တစ်စုံတစ်ယောက်၏ စည်းစိမ်ဥစ္စာများကို ထိုသူသဘော တူသည်ဖြစ်စေ၊ သဘောမတူသည် ဖြစ်စေ ဥပဒေအရ ဖျက်ဆီးစေရန် အမိန့်ပေးနိုင်သကဲ့သို့ ဥပဒေအရ ရောင်းချခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း ပြုနိုင်သူများလည်း ဖြစ်လေသည်။ တစ်နည်းအားဖြင့် တရားသူကြီးတစ်ယောက်သည် လူတစ်ယောက် ၏ဘဝကို လည်းကောင်း၊ ပစ္စည်းကို လည်းကောင်း တရားစီရင်ပိုင်ခွင့် အာဏာအတွင်း ကျရောက်ပါက ဥပဒေအရ စီရင်ပိုင်ခွင့်အာဏာ ရှိသောသူ ဖြစ်နေပေသည်။ ဥပဒေနှင့်အညီ ရရှိထားသော "စေ" တစ်လုံးပိုင်ရှင်ဖြစ်ပေသည်။ အဆိုပါအာဏာကို တစ်ဦးတစ်ယောက် တည်းအား ပေးထားခြင်းသည် ...။
၂ဝ၁ဝ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေအရ မြို့နယ် တရားရုံးနှင့် ခရိုင်တရားရုံးများသည် တစ်ဦးထိုင် တရားသူကြီးစနစ် ဖြင့် တရားစီရင်ကြရပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်တရား လွှတ်တော်များသည် လည်းကောင်း၊ ပြည်ထောင်စု တရားလွှတ်တော် များသည်လည်းကောင်း ဥပဒေအရ တစ်ဦးထက်ပိုသော တရားသူကြီး များဖြင့် အခါအားလျော်စွာ တရားစီရင်လေ့ ရှိသော်လည်း များသော အားဖြင့် တစ်ဦးထိုင် တရားသူကြီးဖြင့်သာ တရားစီရင်လေ့ ရှိကြပါ သည်။ (ဥပဒေပြဋ္ဌာန်း ချက်များကို ပုဒ်မများအလိုက် ရှင်းလင်းရေး သားနေပါက စာဖတ်သူများ နားမလည်မှာစိုး၍ ယေဘုယျရေးသား လိုက်ပါသည်။ စာရေးသူ) ယခင်ကတော့ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေမှာ ဂျူရီနဲ့ တရားစီရင်တဲ့ ကိစ္စတွေ ပြဋ္ဌာန်းထားခဲ့တာ ရှိပေမယ့် ယခုတော့အဲ့ဒီပုဒ်မတွေက ပယ်ဖျက်လိုက်ပါပြီ။
တရားသူကြီးများသည် မိမိရှေ့မှောက် ရောက်ရှိလာသော ပြစ်မှုများကို တရားစီရင်ရာ၌ တရားစွဲ အဖွဲ့အစည်းများက တင်ပြလာသည့် ပစ္စည်းသက်သေ / လူသက်သေများ အပေါ် အခြေခံ၍ ဆုံးဖြတ်ကြရပါသည်။ ရံဖန်ရံခါ အမှုအတွက် လိုအပ်သည်ဟု ထင်မြင်ယူဆရပါက ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ-၂၉၃(၁) အရ အခင်းဖြစ်ရာသို့ ကွင်းဆင်းကြည့်နိုင်ပါသည်။ သို့သော်လည်း အဆိုပါပုဒ်မကို ဖျက်သိမ်းခဲ့ပြီးဖြစ်ပါသည်။ တရားမမှု များကိုလည်း အမှုသည်များက တင်ပြလာသော စာရွက်စာတမ်း အထောက်အထား၊ လူသက်သေ အထောက်အထားများပေါ်မူတည်၍ စီရင် ဆုံးဖြတ်ကြရ ပါသည်။ တရားသူကြီးများသည် အခင်းဖြစ်စဉ်အားလုံးကို ကိုယ်တိုင်မြင်တွေ့ရသူများ မဟုတ်နိုင်၍လည်း ထိုသို့တရားစီရင် ရခြင်းသည် သဘာဝကျပါသည်။
တရားသူကြီး တစ်ယောက်အနေနှင့် တင်ပြလာသော လူသက်သေ ထွက်ချက်များသည် မည်မျှခိုင်လုံမှု ရှိ/မရှိ၊ ထွက်ဆိုချက်များသည် သဘာဝကျမှုရှိ/မရှိ သက်သေတစ်ဦး သည်ဘက်လိုက်ပြီး ထွက်ဆိုချက် ပေးနေသလား၊ ထိန်ချန်ထွက်ဆို နေသလား၊ မိမိအနိုင်ရလိုသည့် ဘက်သို့ လိုတာထက်ပို၍ ထွက်ဆို ချက်ပေးနေသလား ဆိုတာ ဆည်းပူးထားသော အတတ်ပညာ၊ လေ့လာထားသော ဗဟုသုတများ၊ ရရှိထားသော အတွေ့အကြုံများ ဖြင့် ဆုံးဖြတ်ရပါသည်။ လိုအပ်ပါက သက်သေ၏ အမူအရာများကိုပင် အမှုတွဲ နေ့စဉ်မှတ်တမ်းတွင် ရေးသားမှတ်ချက်ပြု ထားရပါသည်။ အမှုစစ်ဆေးနေစဉ် အိပ်ငိုက်နေ၍မရပါ။ မည်သည့် အကြောင်းကြောင်း နှင့်မျှ တရားခွင်မှ ထွက်ခွာသွား၍ မရပါ။ တစ်ခါတစ်ရံတော့ တရားခွင်စာရေးက တရားသူကြီးနား ကပ်သွားပြီး ဘာပြောလိုက်လဲ မသိ တရားသူကြီး ခဏခဏ အောက်ဆင်းသွားတဲ့ အခါလည်း ကြုံဖူးပါတယ်။ ထားတော့ ...။
တရားသူကြီး တစ်ယောက်အနေဖြင့် အမှုစစ်ဆေးစဉ် ဦးစွာ တွေ့ရှိရမည့်ပြဿနာမှာ ပြစ်မှုမှတရားခံသည် အချုပ်လွတ်ထုချေခွင့် (အာမခံ) ရလိုသည်ဆိုပါက အာမခံပေးသင့် မသင့် ဆင်ခြင်သုံးသပ် ရပါသည်။ အာမခံပေးသင့်လျှင်လည်း ငွေမည်မျှနှင့် အာမခံပေးသင့်သလဲ ဆိုတာ ထပ်မံဆင်ခြင် သုံးသပ်ရပါသည်။ တရားလိုပြ သက်သေ စစ်ဆေး ပြီးရင်လည်း တရားခံကို စွဲဆိုထားတဲ့ ပုဒ်မနဲ့ ငြိစွန်းခြင်းရှိ/မရှိ (တရားရုံး အခေါ် စွဲချက်တင်သင့်/မတင်သင့်) ဆင်ခြင်သုံးသပ် ရပါသေးတယ်။
နှစ်ဖက်သက်သေတွေ ပြီးဆုံးလို့ နောက်ဆုံး အမိန့်ချမှတ်ရမယ့် အချိန်ရောက်တဲ့အခါမှာ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားဟာ အရေးကြီးဆုံးပါပဲ။ တရားလိုပြသက်သေနဲ့ တရားခံပြသက်သေ ထွက်ဆိုချက် မည်သည့်သက်သေ ထွက်ဆိုချက်က မှန်သလဲ၊ မည်သည့်ဘက်က သဘာဝယုတ္တိ ကျတယ်ဆိုတာကို ဆန္ဒာဂတိကင်း ကင်း၊ ဘယာဂတိကင်းကင်း၊ ဒေါသဂတိကင်းကင်း၊ လာဘာဂတိ ကင်းကင်းနဲ့ ဆင်ခြင် သုံးသပ်ရပါတယ်။ စိတ်ထဲမှာ သန့်ရှင်းစင်ကြယ် နေရပါတယ်။ ဒါ့အပြင် အမှုစစ်ဆေးစဉ်က သက်သေတွေရဲ့ အမူ အရာ၊ တရားခံရဲ့ပကတိအနေအထား၊ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေရဲ့ စံချိန်စံညွှန်း၊ လေ့လာထားတဲ့ ဗဟုသုတတွေနဲ့ ပေါင်းစည်းပြီး ဂတိလေးပါး ကင်းတဲ့ ဆင်ခြင်တုံတရားနဲ့ တရားခံကို အပြစ်ရှိသည်/ အပြစ်မရှိသည် ဆုံးဖြတ်ကြပါတယ်။
ဒီလိုတရားခံ အပြစ်ရှိ/မရှိ ဆုံးဖြတ်ရုံနဲ့ မပြီးသေးပါဘူး။ တရားခံကို အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ရင်လည်း ပြစ်ဒဏ်ကို ဘယ်လိုပေးရမလဲ။ မဖြစ်မနေ သေဒဏ်ပေးမှာလား၊ တစ်သက် တစ်ကျွန်းလောက် ချရင်ရော မရဘူးလား။ ပြစ်ဒဏ်ကို အမြင့်ဆုံးပေး မှာလား၊ အနိမ့်ဆုံးပေးမှာလား၊ ဒဏ်ငွေနဲ့ပဲ ပြီးမလားဆိုတာတွေ ဆင်ခြင် သုံးသပ်ရပါတယ်။ တရားခံကျူးလွန်တဲ့ ပြစ်မှု ဖြစ်ပေါ်ရခြင်း က ဒေါသကြောင့် ရုတ်တရက် စိတ်မထိန်းနိုင်လို့ ဖြစ်ရတာလား၊ စိတ်မထိန်းနိုင်ဘူး ဆိုသည့်တိုင် ထိုမျှပြင်းထန်အောင် လုပ်ရသလား။ ဘာလို့ (ဓား) (သေနတ်)နဲ့ လုပ်ရတာလဲ စသည်ဖြင့် ဆင်ခြင်ရပြန် ပါတယ်။ နောက်ယခင်က ဒီလိုပြစ်မှုမျိုး ကျူးလွန်ဖူးသလား၊ မကျူးလွန်ဖူးလား၊ တရားခံရဲ့အသက်က ဘယ်လောက်ရှိသလဲ ဆိုတာလည်း ဆင်ခြင်သုံးသပ်ရပါတယ်။
ဒါပြစ်မှုနဲ့ပတ်သက်တဲ့ ယေဘုယျ အခြေအနေလေးတစ်ခုပါ။ ဒီအခြေအနေလေး မှာတောင် တရားသူကြီး တစ်ယောက်ရဲ့ ဘဝ တစ်ခုလုံး နဲ့ဆိုင်ပါတယ်။ အသက်နဲ့လည်း ဆိုင်တယ်၊ စည်းစိမ်ဥစ္စာနဲ့လည်း ဆိုင်တယ်၊ ကိုယ်ကျင့်ဂုဏ်သိက္ခာ နဲ့လည်းဆိုင်တယ်၊ နိုင်ငံတစ်နိုင်ငံရဲ့ ဂုဏ်သိက္ခာမြင့်မားမှု နဲ့လည်း ဆိုင်ပါတယ်။ ဒါကြောင့်တရား စီရင်ရေးဟာ လွန်စွာသိမ်မွေ့ နူးညံ့ပါတယ်။ ဒီလောက်နူးညံ့ သိမ်မွေ့တဲ့ အာဏာကို တစ်ဦးတစ်ယောက်ထဲ စီရင်ပိုင်ခွင့် ပေးထားခြင်းဟာ ...။
မည်သည့်အမှုဖြစ်စေ အောက်ရုံး(မူလရုံး)ရဲ့အမိန့်တွေကို မကျေနပ်ရင် အမှုသည်တွေဟာ ဥပဒေနှင့်အညီ အယူခံခွင့်/ပြင်ဆင် ခွင့်ရှိပါတယ်။ မူလအမှုစစ်တဲ့ တရားရုံးတရားသူကြီး များကို အထက် တရားရုံးအဆင့်ဆင့်က ကြီးကြပ်ပါတယ်။ တရားစီရင်ရေး ဖြောင့်မတ် မှန်ကန်ရေးနှင့် အမှုများမလိုအပ်ဘဲ မကြန့်ကြာရေး အတွက်ပါ။ အဲဒီလိုလုပ်ရုံမျှနှင့် တရားစီရင်ရေး ဖြောင့်မတ်မှန်ကန်မှု အပြည့်အဝ ရရှိနိုင်ပြီလားလို့ မေးစရာဖြစ်လာပါတယ်။ အသွင်ကူးပြောင်းရေး ကာလမှာ ဒီနေ့ ဒီအချိန်ထိ တရားစီရင်ရေး အာဏာရဲ့ ပြုပြင်ပြောင်းလဲ မှု အရွေ့ဟာ အနှေးဆုံးပါ။ အာဏာပိုင်တွေရဲ့ လွှမ်းမိုးမှုခံရတဲ့ တရား စီရင်ရေးဟာ ဒီနေ့ ဒီအချိန်ထိ အုပ်ချုပ်သူရဲ့ အရိပ်ကို မိမိသဘောဖြင့် မိမိခိုလှုံနေသူအဖြစ် အဝေဖန်ခံခဲ့ရပါတယ်။ ဒါ့အပြင်အမှုသည် တွေရဲ့ ပြစ်တင် ဝေဖန်မှုတွေ၊ သံသယဖြစ်မှုတွေ ခံနေရတုန်းပါပဲ။
တစ်ခါတလေမှာ စွဲဆိုခံရတဲ့ ပုဒ်မချင်း တူပေမယ့် ချမှတ်တဲ့ ပြစ်ဒဏ် မတူနိုင်တဲ့ အခြေအနေတွေ ရှိပါတယ်။ ဒါလည်းအထက်က ပြောခဲ့သလိုပဲ အမှုဖြစ်ပွားမှု အခြေအနေ၊ ကျူးလွန်တဲ့ တရားခံရဲ့ အခြေအနေ၊ ကျူးလွန်တဲ့တရားခံရဲ့ ပြစ်မှုအပေါ် ကြိုတင်ကြံစည်မှု၊ ရုတ်တရက်ဒေါသဖြစ်မှု စတဲ့အခြေအနေတွေ ပေါ်မူတည်ပြီး တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအရ ကွဲပြားခြားနားသွားတဲ့ ပြစ်ဒဏ်တွေဖြစ်သွားပါတယ်။ ဒါဟာလည်း တရားစီရင်ရေးဟာ တရားသူကြီး တစ်ဦးတည်း ဖြစ်လေတော့ တရားသူကြီးက လာဘ်စားထားလို့၊ တစ်ဖက်က (ဝိတ်) နဲ့ ဖိသွားလို့ဆိုပြီး ထင်ကြတာ မဆန်းပါဘူး။ တကယ်လာဘ်စားတယ်၊ မစားဘူး၊ ဘက်လိုက်တယ်၊ မလိုက်ဘူးကတော့ တိတိကျကျ ဘယ်သူမှ မပြောနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ လာဘ်ပေးတာ တိတ်တိတ်လေးပေးတာပါ။ အခမ်းအနားနဲ့ ပေးတာ မဟုတ်ပါဘူး။ အောက်တရားရုံး (မူလတရားရုံး)ရဲ့ အမိန့်တွေကို မကျေနပ်ရင် အမှုသည်တွေက ဥပဒေနှင့်အညီ အယူခံခွင့်/ ပြင်ဆင်အမှုဖွင့်ခွင့် ရှိပါတယ်။ ဒီအခွင့်အရေးရပေမယ့် တချို့အမှုသည် တွေအဖို့ အခွင့်အရေး လက်လှမ်းမမီသူတွေ ရှိနေဆဲပါ။ မူလရုံးနဲ့ အယူခံ တက်ရမယ့် တရားရုံး ဒေသကွာဝေးခြင်း၊ ငွေကြေးမတတ်နိုင်ခြင်း၊ နားမလည်ခြင်းတွေ ကြောင့်ပါ။
ယခုပြည်ထောင်စု တရားလွှတ်တော်ချုပ် မှာ စာချွန်တော် Writ တင်ခွင့်ရှိတယ် ဆိုပေမယ့် (စာချွန်တော်) ပွင့်ဖို့ရာ လွန်စွာ (အလွန့်အလွန်) ခဲယဉ်းတဲ့ အနေအထားမှာ ရှိနေဆဲပါ။
ခက်တာက ယနေ့အချိန်ထိ တိုင်အောင် မြို့နယ်တရားရုံးက ဒုတိယ မြို့နယ်တရားသူကြီးလေး တချို့ မိမိကိုင်တွယ်တဲ့ အမှုတစ်ခု ကို ဥပဒေအရ လွှတ်သင့်တယ် ထင်ရင်တောင် မလွှတ်ရဲတဲ့သူတွေ လည်း ရှိနေကြပါသေးတယ်။ မှားမှာ ကြောက်နေကြသေးတယ်။ ဥပဒေနှင့် မငြိစွန်းလို့ တရားခံကို လွှတ်လိုက်တယ်လို့ တာဝန်ခံပြီး ပြောရဲတဲ့သတ္တိ လိုနေပါသေးတယ်။ ဘယ်လိုပဲပြောပြော မူလရုံးက အပြစ်ရှိတယ်လို့ သုံးသပ်ပြီး ပြစ်ဒဏ်ချမှတ် ခံရတဲ့သူဟာ အထက် တရားရုံးတက်လို့ လွတ်လာသည့် တိုင်အောင် မိမိကျခံရတဲ့ ထောင်ဒဏ် အတွက် ပြန်လည်အလျော်ရမှာ မဟုတ်သလို တစ်ခါတရံ အလျော်နဲ့ မလုံလောက်တဲ့ စိတ်ဖိစီးမှုတွေပါ ခံစားလာကြရလို့ပါ။
ဒါကြောင့် ဒီလောက်အရေးကြီးတဲ့၊ နူးညံ့သိမ်မွေ့တဲ့၊ ဘက်မလိုက်ဘူး ပြောတဲ့ တရားစီရင်ရေး အာဏာကို တစ်ဦးတစ်ယောက် တည်းပေးထားခြင်းဟာ ...။
(http://thevoicemyanmar.com/index.php/perspective/item/3718-trs.html)
0 comments:
Post a Comment