Friday, January 18, 2013

rowse » Home »  » မန်းဆေးတက္ကသိုလ်ပါချုပ်နှင့်စာရေးမကိစ္စ ဆက်မစုံစမ်းရန် လွှတ်တော်မှဆုံးဖြတ်

မန်းဆေးတက္ကသိုလ်ပါချုပ်နှင့်စာရေးမကိစ္စ ဆက်မစုံစမ်းရန် လွှတ်တော်မှဆုံးဖြတ်




မန္တလေးဆေးတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသန်းဝင်းအား မန္တလေးဆေးတက္ကသိုလ် ငွေစာရင်းဌာနမှဌာနခွဲစာရေးဒေါ်စန်းလှမှ တိုင်တန်းထားသောကိစ္စအား ဆက်လက် စုံစမ်းစစ်ဆေးခြင်းများမပြုလုပ်ရန်နှင့် အမှု ပိတ်သိမ်းပစ်ရန် အမျိုးသားလွှတ်တော်မှ ဆုံးဖြတ်ခဲ့သည်။
 
နိုင်ငံသားများ၏မူလအခွင့်အရေး ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌဖြစ် သူ ဒေါက်တာအေးမောင်က ယခုကဲ့သို့ဆိုသည်။
 
"ဒေါ်စန်းလှရဲ့တိုင်တန်းမှုကြောင့် သက်ဆိုင်ရာ ကာယကံရှင်များနဲ့ ပါချုပ် ဒေါက်တာ သန်းဝင်းတို့ကို နေပြည်တော် မှာခေါ်တွေ့ ပြီးဆွေးနွေးခဲ့တယ် ၊ ကော်မတီအနေနဲ့တွေ့ရှိချက်တွေကို အမျိုးသား လွှတ်တော်ကို ဆက်လက် တင်ပြခဲ့တာဖြစ်တယ် ၊ အမျိုးသားလွှတ်တော်ကနေပြီးတော့ ဒီကိစ္စကို ဆက်လက် မစုံစမ်းပဲအမှုကို ပိတ်လိုက်ဖို့ ညွှန်ကြားလာတယ် " ဟု ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။
 
အဆိုပါကော်မတီသည် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ၊ လွှတ်တော်ရေးရာဆောင်အမှတ် ( I-17 ) တွင် ၂၀၁၂ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့ ညနေ(၃)နာရီအချိန်က နှစ်ဖက် ကာယကံရှင် များကို ခေါ်ယူတွေ့ဆုံ မေးမြန်းခဲ့ခြင်းဖြစ်သည်။
 
မန္တလေးဆေးတက္ကသိုလ်မှ ဌာနခွဲစာရေး ဒေါ်စန်းလှသည် ၎င်းအား ဆေးတက္ကသိုလ်ပါချုပ်ဖြစ်သူ ဒေါက်တာ သန်းဝင်းမှ မတရားသဖြင့် မယူမနေရပင်စင် ( Forced to Retire ) ပေးခြင်းအတွက် တိုင်တန်းခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့ပေးခြင်းကို ဥပဒေအရ လုပ်ပိုင်ခွင့်ရှိကြောင်းနှင့် ဒေါ်စန်းလှသည် ကျောင်းတွင် အခြားပြဿနာများ ရှိသည်ဟု ပါချုပ်ဒေါက်တာသန်းဝင်းက မန္တလေးဆေးတက္ကသိုလ်ကျောင်းအတွင်းရှိ အစည်းအဝေးခန်းမတွင် မီဒီယာသိြု့ ပန်လည်ဖြေရှင်းပြောကြားခဲ့သည်။
 
" ကျွန်တော်တို့ ဒေါ်စန်းလှနဲ့ပတ်သတ်လို့ ကျောင်းမှာ စုံစမ်းစစ်ဆေးရေးတွေလုပ်ပါတယ် ၊ သူ့အဆင် မပြေတာ တွေလည်း ရှိတယ် ၊ အဲဒီစစ်ဆေးရေးကော်မတီကနေမှ မယူမနေရပင်စင်ကိုပေးခဲ့တာပါ ၊ အလုပ် ထုတ်လိုက်ရင် သူ့အတွက် ပိုတောင်နစ်နာသွားပါမယ် " ဟု ပါချုပ်ဖြစ်သူ ဒေါက်တာသန်းဝင်းက မီဒီယာ သို့ ပြောကြားခဲ့သည်။
 
အဆိုပါ Force to Retire ပေးရန်အတွက် ညွှန်ကြားချက်များကို ဒုသမ္မတ(၁)မှတစ်ဆင့် ၀န်ကြီးဆီသို့၎င်း ၊ ၀န်ကြီးမှတစ်ဆင့် ညွှန်ကြားရေးမှူးထံသို့၎င်း အဆင့်ဆင့်ညွှန်ကြားခဲ့ပြီး ညွှန်ကြားချက်တွင် ၀န်ထန်းရေးရာ လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်ရန်ဟူ၍ ညွှန်ကြားထားသည်ဟု မန္တလေးဆေးတက္ကသိုလ် ပါချုပ်ဒေါက်တာသန်းဝင်းက ဆက်လက်ပြောကြားသည်။
 
မြို့ပြ၀န်ထမ်းစည်းမျဉ်းဥပဒေ အပိုင်ဒ်(၃) (၄၆၅ - က) နှင့် မြန်မာပြည်ထပ်ဆင့်ထုတ် မြို့ပြ၀န်ထမ်း စည်းမျဉ်း ဥပဒေ အပိုဒ်(၁၉၃) (၁၉၈-၃)တို့တွင် ၀န်ထမ်းတစ်ဦးသည် ၀န်ထမ်းစည်းကမ်း ဌာနဆိုင်ရာစည်းကမ်းများကို ချိုးဖောက်ခြင်းမလိုက်နာခြင်းများ ကြိမ်ဖန်များစွာဖြစ်လာပါက ဌာအကြီးအကဲမှ မယူမနေရ အငြိမ်းစား ပေးနိုင်ကြောင်းပြဌာန်းထားသည်ဟု ပါချုပ်ဒေါက်တာသန်းဝင်းက ရှင်းလင်းပြောကြားသည်။
 
ငွေစာရင်းဌာနမှ ဒေါ်စန်းလှနှင့် မန္တလေးဆေးတက္ကသိုလ်မှ ပါချုပ်ဖြစ်သူ ဒေါက်တာသန်းဝင်းတို့ကိစ္စအား နိုင်ငံ သားများ၏ မူလအခွင့်အရေး ၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီက ခေါ်ယူတွေ့ဆုံမေးမြန်း ခဲ့ပြီး ဒေါ်စန်းလှအား မူလရာထူးနှင့်လက်ရှိနေထိုင်သော ၀န်ထမ်းအိမ်ရာတွင် ဆက်လက်နေထိုင်ခွင့်ပြုရန် ယာယီ ဆုံးဖြတ်ခဲ့ပြီးနောက် အမျိုးသားလွှတ်တော်မှ အမှုအားရပ်ဆိုင်းပစ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
 
ဒုသမ္မတ(၁)ဖြစ်သူ ဒေါက်တာဆိုင်းမောက်ခမ်းနှင့် ကျန်းမာရေးဝန်ကြီးဖြစ်သူ ဒေါက်တာဦးဖေသက်ခင်တို့သည် မန္တလေးဆေးတက္ကသိုလ်ထွက်များဖြစ်ကြပြီး နစ်နာသူဟု ယူဆရသူဒေါ်စန်းလှက လူ့အခွင့်အရေးကော်မတီ ဥက္ကဌဖြစ်သူဒေါက်တာအေးမောင်က ၎င်းအား မူလရာထူးပြန်ပေးရန်ဆုံးဖြတ်ခဲ့ပြီး ထိုအမိန့်စာအား တစ်ပတ် အတွင်းပြန်လည်ထုတ်ပေးမည်ဟု ပြောကြားခဲ့သော်လည်း အမိန့်စာထွက်ရှိမလာခြင်းအပေါ် ၀မ်းနည်း မိကြောင်း ပြောကြားခဲ့သည်။
 
" ကျမဖတ်ဖူးတာ ဥပဒေအထက်မှ ဘယ်သူမှမရှိဘူး ၊ သူတို့ကတော့ ဥပဒေအထက်မှာခွထိုင်ပြီး လုပ်ချင် ရာလုပ်တဲ့ ခေါင်းဆောင်တွေ ၊ ပါချုပ်ဖြစ်ဖြစ် ၀န်ကြီးဖြစ်ဖြစ် ညွှန်ချုပ်ဖြစ်ဖြစ် လုပ်ချင်ရာလုပ်ခွင့်ရှိတဲ့ လိုင်စင် ရပုဂ္ဂိုလ်တွေပါလား ၊ ကျမအဲဒီလိုမြင်သွားပြီ ၊ ခုကျမနိုင်ရက်သားနဲ့ လွှတ်တော်မှာနိုင်ရက်သားနဲ့ သူမှားပါတယ်လို့ ၀န်ခံရဲ့သားနဲ့ ကျမကြောင့် ဆေးတက္ကသိုလ်မန္တလေးရဲ့အနာဂတ် တစ်စုံတစ်ရာထိခိုက်ရင် ခုချက်ချင်း အတိ အကျထောက်ပြပါလို့ ကျမပြောခဲ့တာ ခုချိန်ထိသူတို့ဘာမှပြန်မပြောနိုင်ပါဘူး " ဟု ဒေါ်စန်းလှက ပြောကြားခဲ့သည်။
 
ထို့အပြင် ကျန်းမာရေးဝန်ကြီးဖြစ်သူဒေါက်တာဦးဖေသက်ခင်နှင့် လက်ရှိမန္တလေးဆေးတက္ကသိုလ်မှပါချုပ်ဒေါက်တာ သန်းဝင်းတို့၏ ရင်းနှီးမှုမှာလည်း သာမန်ထက်ပိုသည့်ရင်းနှီးမှုများရှိသည်ဟု မန္တလေးဆေးလောကအတွင်းမှ အမည်မဖေါ်လိုသူများကပြောကြားခဲ့ပြီး ပါချုပ်ကိုကြောက်ရွံ့သောကြောင့်သာ အချို့သူများက ထုတ်မပြော ခြင်းဖြစ်သည်ဟု  သိရသည်။
 
မန္တလေးဆေးတက္ကသိုလ်သို့ ပါချုပ်အဖြစ် ဒေါက်တာသန်းဝင်းရောက်ရှိလာပြီးနောက် အငြင်းပွားဖွယ် အုပ်ချုပ်မှု များရှိနေခဲ့ပြီး စာမေးပွဲအောင်စာရင်းများ အကြိမ်ကြိမ်ပြန်လည်ထုတ်ပြန်ချင်းများ ကျောင်းသားများ ရာချီမင်နီ တားခံရခြင်းများရှိခဲ့ကြောင်းကို ပြီးခဲ့သည့်လများက မန္တလေးဆေးတက္ကသိုလ်ကျောင်းသားများက သတင်းစာ ရှင်းလင်းပွဲများပြုလုပ်ခဲ့သော်လည်း ယနေ့ချိန်ထိ ပါချုပ်ဒေါက်တာသန်းဝင်းအား တစ်စုံတစ်ရာမေးမြန်းမှုများ မရှိခဲ့ကြောင်းသိရသည်။
 
ထို့ပြင် မန္တလေးဆေးတက္ကသိုလ်ငွေစာရင်းဌာနမှဒေါ်စန်းလှက ဆေးတက္ကသိုလ်တွင်ရှိသော ကျောင်းဆောင်များ လက်ရှိငှားရမ်းခနှုန်းထားနှင့် အစိုးရသို့ပြန်လည်ငွေသွင်းနေသောနှုန်းထားများ ကွာဟမှုရှိနေကြောင်း ကိုလည်း ထောက်ပြပြောဆိုမှုများရှိခဲ့သည်။
 
" ကျမသေချာပြောပြမယ် အဆောင်အခန်းပေါင်းခုနှစ်ရာကျော်ရှိတယ် ၊ အဲဒါဘဏ်စာရင်းကို ၀င်မှ လက်မှတ် ထိုးရတဲ့မှတ်တမ်းမှာ အပျိုလူပျိုဆိုတစ်ရာ အိမ်ထောင်သည်ဆို နှစ်ရာ ၊ အဲဒါအရင်ကတည်းက အစိုးရဈေးနှုန်း ၊ အဲဒီအတိုင်းပဲ ဘဏ်ကိုငွေသွင်းတယ် ၊ တကယ်ကောက်တာက ၀န်ထမ်းအငယ်တွေဆို သုံးထောင် ဆရာဝန်ဆို ရှစ်ထောင်တစ်သောင်းထိ ကောက်တယ် ၊ တစ်လကို အဲဒါပဲ အနည်းဆုံးသိန်းသုံးဆယ် ရှိတယ် " ဟု ဒေါ်စန်းလှက ပြောဆိုခဲ့သည်။
 
ဆက်လက်ပြီး၎င်းက ထိုကဲ့သို့ငှားရမ်းထားမှုများ များစွာရှိနေပြီး ယခုပြောဆိုမှုသည် ထိုအထဲမှ တစ်ချက်သာ ဖြစ်သေးသည်ဟုဆိုကာ ၎င်းအနေဖြင့် ယခုလိုပြောဆိုခဲ့မှုများကြောင့် ရာထူးမှအနားပေးခံခဲ့ရသည် ဟု ထင်မြင်ကြောင်းဆိုခဲ့သည်။
 
ယင်းသို့စွပ်စွဲပြောဆိုမှုကို ဒေါ်စန်းလှအားကျောင်းတွင်း စစ်ဆေးမှုများပြုလုပ်စဉ်ပါဝင်ခဲ့သည့် ကော်မတီဝင်ဆရာကြီးတစ်ဦးဖြစ်သူဒေါက်တာအောင်ကြီးက မိမိတို့ဝန်ထမ်းလောကတွင် တစ်ချို့ကိစ္စများမှာ အကုန်ချပြရန် မလိုကြောင်း ဥပမာအနေနှင့် ထိုနေ့က စာမေးပွဲစစ်နေစဉ် နယ်မှလာသည့်စာစစ်ဆရာများအတွက် ဧည့်ခံစရိတ်များနှင့် ကျောင်းအတွက်အခြားဧည့်ခံစားရိတ်များ ရှိကြောင်း ထိုစာရိတ်များကို နိုင်ငံတော်မှ ချထား ပေးသည် မဟုတ်ကြောင်းကိုလည်း ရှင်းပြခဲ့သည်။
 
ပါချုပ်ဖြစ်သူဒေါက်တာသန်းဝင်းကလည်း ၎င်းသည်ပါချုပ်ဖြစ်သည်မှယနေ့ထိ မိမိကိုယ်ပိုင်အိမ် တွင်နေထိုင် ကြောင်း အစိုးရမှပေးထားသည့် အိမ်ခန်းအားမယူခဲ့ကြောင်း၊ မိမိ၏၀င်ငွေသည် နန်းတော်ဆေးရုံမှ ရရှိသော ၀င်ငွေဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့ပြီး နိုင်ငံတော်စာရင်းစစ်ရုံးမှလည်း ထိုကိစ္စ အတွက် ကျောင်းတွင်လာရောက်စစ်ဆေးပြီးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
 
မန္တလေးဆေးတက္ကသိုလ် ငွေစာရင်းဌာနမှ ဒေါ်စန်းလှအား မယူမနေရပင်စင်ပေးခဲ့ရသည့်အပေါ် ကျောင်းတွင်း စုံစမ်းရေးကော်မတီတွင် ပါဝင်ခဲ့သည့်ဆရာများက ထိုကဲ့သို့ပေးခဲ့ခြင်းသည် တရားမျှတသည်ဟုပြောဆိုခဲ့ကြပြီး ပါချုပ်ဖြစ်သူဒေါက်တာအောင်ကြီးက ၎င်းသည်နိုင်ငံတော်သမ္မတမှ တိုက်ရိုက်ခန့်အပ်ထားသည့်အတွက် ပါချုပ် တစ်ယောက်အနေဖြင့် လုပ်ပိုင်ခွင့်အပြည့်အ၀ရှိကြောင်းပြောဆိုခဲ့သည်။

0 comments:

Post a Comment

image

Lorem ipsum dolor sit

Aliquam sit amet urna quis quam ornare pretium. Cras pellentesque interdum nibh non tristique. Pellentesque et velit non urna auctor porttitor.

image

Nunc dignissim accumsan

Vestibulum pretium convallis diam sit amet vestibulum. Etiam non est eget leo luctus bibendum. Integer pretium, odio at scelerisque congue.