ကျန်းမာရေး သုတေသန စာတမ်းများအနက် ၉၀ ရာခိုင်နှုန်းမှာ လက်တွေ့ပြန်လည် အသုံးချနိုင်ခြင်း မရှိဟု ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင် ပြောကြား |
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင် ညီလာခံတွင် ပြသထားသည့် ပြိုင်ပွဲဝင်ပိုစတာများအား ကြည့်ရှုနေစဉ် ကျန်းမာရေးဆိုင်ရာ သုတေသန စာတမ်းများအနက် ၉၀ ရာခိုင်နှုန်းမှာ လက်တွေ့ပြန်လည် အသုံးချနိုင်ခြင်း မရှိသည်ကို တွေ့ရှိနေရကြောင်း ဇန်န၀ါရီလ ၇ ရက်နေ့က ရန်ကုန်မြို့၊ ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) ၌ ကျင်းပသည့် (၄၁) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် ကျန်းမာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က အဖွင့်မိန့်ခွန်း ပြောကြားရာတွင် '' မနှစ်က သုတေသန စာတမ်းတွေကို ပြန်လည်လေ့လာရာမှာ ၁၀ ရာခိုင်နှုန်းက လက်တွေ့ ပြန်လည် အသုံးချထားတာကို တွေ့ရပြီးတော့ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းသော စာတမ်းတွေက လက်တွေ့ပြန်လည် အသုံးချနိုင်ခြင်း မရှိတာကို တွေ့နေရပါတယ်။ အသုံးချဖြစ်တဲ့ ၁၀ ရာခိုင်နှုန်းကလည်း ဘာကြောင့် အသုံးချဖြစ်တယ် ဘယ်နေရာတွေမှာ အသုံးချဖြစ်တယ် ဆိုတာကို သိလိုပါတယ်။ အသုံးမချဖြစ်ပဲ သုတေသန အနေနဲ့သာ ပြီးသွားတဲ့ ၉၀ ရာခိုင်နှုန်းသော စာတမ်းများအား ဘာလို့ အသုံးမချဖြစ်ရတာလဲ ဆိုတာကို သိလိုပါတယ်'' ဟု မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ သုတေသီများ အနေဖြင့် သုတေသန လုပ်ငန်းများကို ဆောင်ရွက်ရာတွင် မည်သည့် သုတေသန အမျိုးအစားကိုမဆို လုပ်ငန်း ဆောင်ရွက်ပြီးနောက် အစီရင်ခံစာရေး၊ စာတမ်းဖတ်၊ စာစောင်ဂျာနယ်များတွင် စာတမ်းရေးပြီးလျင် ပြီးသွားသည့် သုတေသနမျိုး မဖြစ်စေပဲ သုတေသန လုပ်ငန်းများ၏ ရလဒ်များကို အမှန်တကယ် ပြည်သူလူထုနဲ့ နိုင်ငံအကျိုးအတွက် ပြန်လည်အသုံးချနိုင်သည့် သုတေသနမျိုး ဖြစ်သည်အထိ ရည်မှန်းပြီး ဆောင်ရွက်ကြရန် လိုအပ်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။ ထို့အပြင် ပြည်သူလူထုရဲ့ ကျန်းမာရေး ပြဿနာတွေကို အဓိက ဖြေရှင်းတဲ့ သုတေသန လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ မြှင့်တင်ဆောင်ရွက်ဖို့ ကြိုးပမ်းဆောင်ရွက်ကြစေ လိုပါကြောင်း၊ ယခုအခါတွင် သုတေသန လုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်ရန် အတွက် ဘတ်ဂျက်အား ယခင်ထက် ၁၀ ဆ တိုးမြှင့်ပေးထားကြောင်း၊ ယင်းသို့ ဘတ်ဂျက်တိုးမြှင့်ရခြင်းမှာ ဆေးရုံများ၊ တက္ကသိုလ်များတွင် ကိုယ်တိုင် သုတေသန လုပ်ငန်းများ အားနည်းလာသည့်အတွက် ပြန်လည်အားပေးရန် ဖြစ်ကြောင်း၊ ဆေးတက္ကသိုလ်များတွင် သုတေသန လုပ်ငန်းများ လုပ်ဆောင်ရမည် ဆိုသည့် မူဝါဒများ ရှိသော်လည်း မူဝါဒနောက်တွင် ငွေကြေး ထောက်ပံ့မှုများ အားနည်းနေသည့် အတွက် ဆေးသိပံ္ပပညာ ဦးစီးဌာနနှင့် ညှိနှိုင်းပြီး ဘတ်ဂျက်ကို တိုးမြှင့်ပေးထားခြင်း ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြား ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် သုတေသန ညီလာခံများကို ၁၉၆၅ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ဆေးသိပ္ပံ ပညာရပ်ဆိုင်ရာ သုတေသန ဆွေးနွေးပွဲများအဖြစ် ကျင်းပခဲ့ရာ မှ ၁၉၈၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲအဖြစ် ပြောင်းလဲ ကျင်းပခဲ့ကြောင်း၊ ၂၀၀၀ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ သုတေသန စာတမ်းပေါင်း ၉၂၄ စောင် တင်ပြနိုင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှ စ၍ လိုရင်းတိုရှင်း ထိရောက်စွာ တင်ပြနိုင်သည့် ပိုစတာ ပြပွဲများကို စတင်ထည့်သွင်းခဲ့ကြောင်း၊ ၁၉၉၃ ခုနှစ်မှ စ၍ သုတေသန အမျိုးအစားအလိုက် အကောင်းဆုံး စာတမ်းနှင့် ပိုစတာဆုများကို ချီးမြှင့်ခဲ့ကြောင်းနှင့် လူငယ် သုတေသီဆုများအား ၂၀၁၀ ခုနှစ်မှစ၍ ချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယခုကျင်းပသည့် ညီလာခံတွင် သုတေသန စာတမ်းပေါင်း ၈၈ စောင် ၊သုတေသန ပိုစတာပေါင်း ၂၅ စောင် အပါအ၀င် ဆေးပညာ ဗဟုသုတများ နှီးနှောဖလှယ်နိုင်သည့် Symposium ၁၂ ခုများကို ထည့်သွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ |
0 comments:
Post a Comment