New

ပညာရေး= ပြင်ညာရေးမဖြစ်ဖို့

ကျွန်တော်ဟာ ကျူရှင်ဆရာတစ်ယောက်ပါ။ ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အစပ်မှာ ကျူရှင်ထောင်ပြီး တစ်နှစ် ဆယ်တန်းကျောင်းသား ၃၀၀ လောက် စာသင်ရပါတယ်။ ကျူရှင်စာသင်သက် ၁၅ နှစ် ရှိပါပြီ။

အဲဒီအတောအတွင်းမှာ မိမိကျောင်း အောင်ချက်ကောင်းဖို့ မိမိကျောင်းက ထွက်သွားတဲ့ ကလေးတိုင်း စာတော်ပြီး စာရိတ္တ ကောင်းဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ပါတယ်။  မြို့နယ်က အစည်းအဝေး လာတက်ပါဆိုလည်း တက်ရတယ်။ အောင်ချက် မြင့်မားရေး စီမံချက်အတွက် စာကူသင်ပေးပါဦးဆိုလည်း သင်ပေးရတယ်။ ဒါပေမဲ့ ထူးခြားတာက တစ်နှစ်ထက် တစ်နှစ် အောင်ချက် မကျအောင်သာ ထိန်းနိုင်ပြီး ဂုဏ်ထူးရကျောင်းသား နည်းလာပါတယ်။ ဒီတော့ မေးစရာရှိလာပါတယ်။

“ပညာရပ်နယ်ပယ် ကျယ်လာပြီး ဆယ်တန်းမေးခွန်းတွေ လက်ပေါက်စိပ်လာလို့ (အိုင်ဒီယာ ထိထိမိမိ မေးခွန်းတွေ မေးလာလို့) မင်းတို့ရအောင် မသင်နိုင်တော့တာလား” လို့ မေးစရာ ရှိလာပါတယ်။

တိတိကျကျ ဖြေရရင် လုံးဝ မဟုတ်ပါဘူး။ ဆရာအားလုံး (ကျူရှင်ဆရာ၊ ကျောင်းဆရာအားလုံးမှာ) ကိုယ်ပိုင် အရည်အချင်းတွေ သိမြင် ခန့်မှန်းနိုင်စွမ်းတွေ ရှိကြပါတယ်။ အခုဖြစ်နေတဲ့ ပြဿနာက ကျောင်းသား ပြဿနာပါ။ မြို့တွင်း ၁၀ မြို့နယ်ကို မဆိုလိုပါ။ ကျန် ၂၇ မြို့နယ်က ဆရာအားလုံးကို မေးကြည့်ပါ။ ‘ကလေးတွေ အရမ်းညံ့တယ်’ ဆိုတဲ့ အဖြေ တစ်သံတည်း ထွက်ပါတယ်။

ဆယ်တန်းကျောင်းသား ဘယ်လောက် ညံ့သလဲဆိုရင် P နဲ့ q နဲ့ မကွဲပါဘူး။ to နဲ့ of မကွဲဘူး။ ‘0’ ကနေ ‘3’ ဖြစ်သွားတာ တိုးမှန်း လျှော့မှန်း မသိဘူး။ between ရဲ့ အဓိပ္ပါယ် မသိလို့ ဘာသာ မပြန်နိုင်ဘဲ ၁၅ မိနစ်လောက် မတ်တပ်ရပ်နေတဲ့ ကျောင်းသားတွေ ရှိပါတယ်။ ကျွန်တော့်ကို အဆိုးတွေချည်း လျှောက်မြင်တယ်လို့ မထင်စေချင်ပါဘူး။ တချို့သော ကျောင်းသားတွေမှာ အာရုံ မစူးစိုက်နိုင်တဲ့ ပြဿနာ ရှိနေပြန်ပါတယ်။ စာကို ကြည့်ပြီး ဆိုနေလျက်နဲ့ မှားပြီးဖတ်တာ၊ 2 ကို တွေ့လျက်နဲ့ 3 လို့ ဖတ်တာတွေ ပိုပိုပြီး တွေ့လာရပါတယ်။

နောက်ပြဿနာက အပတ်တကုတ် မကြိုးစားချင်တာ။ ကြုံလာတဲ့ အခက်အခဲတစ်ခုကို လယ်လွယ်နဲ့ ဖြေရှင်းပစ်တာ၊ မိမိရဲ့ အပြစ်ကို ၀န်မခံဘဲ တစ်ပါးသူကို လွှဲချတတ်တာတွေ ပိုများလာပါတယ်။ ဥပမာ- ကျူရှင်ပျက်တယ်၊ ပြီးတော့ စာပြန်မကူးဘူး။ စာလည်း ပြန်ကျက်မထားဘူး။ နောက်တစ်နေ့ ဆက်စပ် သင်ခန်းစာမှာ မနေ့က စာအကြောင်းကို မေးပြီဆိုရင် ‘ကျွန်တော် မနေ့က ကျူရှင်မတက်ဘူး’ ဆိုတဲ့ အဖြေကို ခပ်တည်တည်နဲ့ ပေးလေ့ရှိပါတယ်။

အဆိုးကတော့ မြန်မာစာ မြန်မာစကားကို နားလည်နိုင်စွမ်း နည်းပါးလာတာပါပဲ။ ‘ဇက်တိုက် (ဆက်တိုက်) မှီခိုသည်၊ ကိုယ်စားပြုသည်’ အစရှိတဲ့ စကားလုံးတွေကို သိပ်နားမလည်ချင်တော့ပါဘူး။ ‘ကသတ်’ နဲ့ ‘တသတ်’ ကို တစ်သံတည်း ထင်နေကြပါပြီ။ ‘စ’ နဲ့ ‘ဆ’ ကို မကွဲပြားကြတော့ပါဘူး။ ကျွန်တော် ဖမ်းမိတဲ့ ရည်းစားစာ တစ်စောင်ဆိုရင် “ကို မင်းရဲ့အချစ်ကို စောက်မျှော်နေတယ်’ တဲ့။

ဒီလိုသာ ရေရှည်ဆက်သွားရင် ကျွန်တော်တို့လူမျိုး ကျွန်တော်တို့ တိုင်းပြည်အတွက် ရင်လေးစရာပါပဲ။ လူရွှင်တော်တွေ ပြက်တဲ့ မရယ်ရတဲ့ ပြက်လုံးတွေလည်း အမှား အများကြီးနဲ့ ခင်ဗျာ။ ‘ဆီတော့ဆီ Lဆိုင်းဇီ” တဲ့။ “ဆရာတော့ ဆရာကြီး ကြောက်စရာကြီး” တဲ့။ ကဲ မခက်ပါလား ခင်ဗျား။

အဲဒီလို အခြေအနေမှာ နိုင်ငံတော်ရဲ့ မူဝါဒအသစ်နဲ့ ပုဂ္ဂလိက အထက်တန်းကျောင်းတွေ ဖွင့်ခွင့်ပေးမယ်။ ဇွန် ၁၂ ရက် နောက်ဆုံးထား လျှောက်လွှာ တင်ပါလို့ သတင်းစာမှာ ပါလာတော့တယ်။ အဲဒီမှာ ပြောချင်တာတွေ ထပ်ပေါ်လာပါတော့တယ်။ မနှစ်ကတည်းက စမ်းသပ်ပုဂ္ဂလိက ၁၀ ကျောင်း ဆိုပြီး ဖွင့်လှစ်ပြီးသားပါ။ အဲဒီ ၁၀ ကျောင်းထဲက လွှတ်တော် အမတ်တစ်ယောက် ပိုင်တဲ့ ကျောင်းဆိုရင် အင်းစိန်ဂျီတီအိုင် ကျောင်းဝင်းကြီးကို ငှားခွင့် ရပြီး ဂျီတီအိုင်ရဲ့ ကွန်ပျူတာ အခန်းတွေ၊ ကွန်ပျူတာတွေ၊ မာလ်တီမီဒီယာ စာသင်ခန်းတွေ၊ အိပ်ဆောင်တွေ၊ ဘောလုံးကွင်းတွေ အစရှိတဲ့ facilities တွေ အားလုံး အသုံးပြုခွင့် ရခဲ့သူပါ။

စာရွက်ပေါ်က  အစီအစဉ်တွေဟာ ‘အားလုံး ကောင်းပါသည်ခင်ဗျား’ ပြောရလောက်အောင် ပြည့်စုံပါပေတယ်။ ဒါပေမဲ့ လက်တွေ့ မဖြစ်နိုင်တာတွေ အများကြီး ဖြစ်နေပါတယ်။ ထပ်ဆောင်းဘာသာ (စာပေ၊ ဂီတ၊ ပန်းချီ) အစရှိသည်များ၊ ကွန်ပျူတာခန်း သုံးပြီး Multimedia အထောက်အကူပြု ပစ္စည်းတွေနဲ့ စာသင်ကြားခြင်း၊ ဓာတ်ခွဲခန်းမှာ ကိုယ်တိုင်စမ်းသပ်၊ စစ်ဆေး၊ နည်းဥပဒေသ ထုတ်ခြင်းများကို ‘သ’ နဲ့ ‘တ’ မကွဲတဲ့ ကလေးတွေ၊ အင်္ဂလိပ်စာ တစ်ကြောင်းကို ငါးခေါက် တိုင်ပေးလည်းမဖြောင့်၊ ၁၀ ခေါက် တိုင်ပေးလည်း ဖြောင့်အောင် မဆိုနိုင်၊ နှစ်အလီထက် ကျော်ရင် မရတော့တဲ့ ၁၀ တန်း ကလေးတွေကို ကျွန်တော်တို့ ဘယ်လို သင်ကြားပေးနိုင်မလဲ ခင်ဗျာ။

Language Lab ကရိယာတွေ သုံးပြီး ကျွန်တော်တို့ ဘာတွေကို  သင်ကြား ပေးရပါမလဲ။ အစိုးရ အထက်တန်းကျောင်းတွေလို ပညာရေးဆိုင်ရာ လူကြီးမင်း လာစစ်ဆေးရင် ဖွင့်ပြပြီး ကျန်တဲ့ အချိန်တွေ သော့ခတ်ထားရမှာလား။ ကျွန်တော်တို့တွေ နှစ် ၅၀ လောက် လိမ်ခဲ့ကြပြီးပါပြီ။ ထပ်မံ လိမ်ကြရဦးမှာလား ခင်ဗျား။



အခုခေတ် ပေါက်ဈေးအရဆိုရင် Language Lab တစ်စုံရဲ့ တန်ဖိုးဟာ (၁၈ ယောက်စာ) ကို ကိုးသိန်းခွဲနဲ့ ၁၁ သိန်း ကြားမှာ ရှိပါတယ်။ အောက်ခံ ခုံဖိုးက သုံးသိန်းလောက် ရှိပါတယ်။ Microscope တစ်ခုရဲ့ တန်ဖိုးက အများဆုံး သုံးသိန်းခွဲ လောက်ရှိပြီး၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းတစ်စုံရဲ့ တန်ဖိုးက နှစ်သိန်းလောက် ရှိပါတယ်။ ကွန်ပျူတာတစ်စုံ အနည်းဆုံး နှစ်သိန်းခွဲနဲ့ သုံးသိန်း ကြားမှာ ရှိနေပါတယ်။

အကြမ်းဖျင်း တွက်ရရင် Language Lab (တစ်စုံ) ၁၀ သိန်း၊ ခုံ ၃ သိန်း၊ Microscope (တစ်ခု) ၃.၅ သိန်း၊ ဓာတ်ခွဲခန်းပစ္စည်း (တစ်စုံ) ၂ သိန်း၊ ကွန်ပျူတာ (၁၀) လုံး ၂၅ သိန်း၊ ကွန်ပျူတာတင်ခုံ+ ထိုင်ခုံ+ ဓာတ်ခွဲခန်း ဆေးဗီရို ၅ သိန်း၊ ပုဂ္ဂလိက ကျောင်း မှတ်ပုံတင်ကြေး ၅ သိန်း၊ စုစုပေါင်း ၅၃.၅ သိန်း။ အဲဒီ ၅၃.၅ သိန်းဟာ အခြေခံ အဆောက်အအုံဖိုးနဲ့ မြေနေရာဖိုး မပါသေးပါဘူး။

အဆိုးဆုံးက အားကစားကွင်း ကိစ္စပါပဲ။ ကိုယ်ပိုင် အားကစားကွင်းနေရာ မရှိရင် ငှားရမ်း အသုံးပြုလို့ရတယ်လို့ ဆိုပေမဲ့ အနီးစပ်ဆုံး နေရာမှာ ကွင်းပြင် မရှိတဲ့ ပုဂ္ဂလိက ကျောင်း လျှောက်သူတွေ ဒုက္ခ ရောက်ရတော့မှာပါပဲ။ ဗလငါးတန် ဖွံ့ဖြိုးဖို့ ကလေးတွေ ကစားဖို့ အမှန်တကယ် လိုအပ်ပါတယ်။ ဒါပေမဲ့ အစိုးရပိုင် အထက်တန်းကျောင်း အားလုံးမှာတောင် ကစားကွင်း မရှိတဲ့ ကျောင်းတွေ ရှိပါသေးတယ်။

တကယ်လို့ အဲဒီစည်းမျဉ်းတွေအတိုင်း ကိုင်တွယ် ကြပ်မတ်ပြီး ပုဂ္ဂလိကကျောင်းတွေ လုပ်ခွင့် ပေးခဲ့ရင် ငွေကြေးတတ်နိုင်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ၀င်ရောက် ချယ်လှယ်တော့မှာ အမှန်ပါပဲ။

နောက်တစ်ချက်က တိကျ ရှင်းလင်းတဲ့ မူဝါဒ ချမပြရသေးပါဘူး။ နည်းဥပဒေ ပုဒ်မ (၁၈)၊ ပုဒ်မ ‘စ’ အရ “လစဉ် ပညာရည် တိုးတက်မှု မှတ်တမ်းနှင့် ဘက်စုံ ပညာအရည်အချင်း မှတ်တမ်းချုပ်များကို ဖြည့်စွက်ပြုစု၍ ထားရှိရမည်”။

ပုဒ်မ ‘ဆ’  “ကာယ၊ဉာဏ၊ စာရိတ္တ၊ ရသနှင့် သက်မွေး စသည့် ဘက်စုံ ပညာအရည်အသွေး ပြည့်ဝစေရန် လေ့ကျင့် ပျိုးထောင်ပေးရမည်”

ပုဒ်မခွဲ ‘ဈ’ လစဉ် ပညာရည် တိုးတက်မှုမှတ်တမ်း၊ ဘက်စုံပညာ အရည်အချင်း မှတ်တမ်းတို့ကို သက်ဆိုင်ရာ ကျောင်းသို့ ဆက်လက် လွှဲပြောင်း ပေးရမည်”။ အဲဒီနေရာမှာ လိမ်လည်မှုတွေ အများကြီး ၀င်လာနိုင်ပါတယ်။ မိမိကျောင်းက (ပုဂ္ဂလိက ကျောင်းက) ကျောင်းသား သိပ်ညံ့နေတာ ဖုံးဖိရင်း ဆယ်တန်း ရောက်သင့်တဲ့ ကျောင်းသားတွေ ဆယ်တန်းမှာ လာရောက် စုပုံနေနိုင်ပါတယ်။ (အခုတင်ကို ဖြစ်နေပြီလို့ ပြောလို့ရပါတယ်)။

အရည်အချင်းက စတုတ္ထတန်းအဆင့်၊ ၀င်ဖြေဖို့ ကြိုးစားတာက တက္ကသိုလ်ဝင်တန်းဆိုရင် ကျွန်တော်တို့ ဘယ်လို ဖြေရှင်းကြပါမလဲ။ ကျွန်တော် တစ်ဦးတည်းရဲ့ အမြင်အရ ဆိုရင်တော့ အပေါ်ထပ်ကို အရင်မပြင်ဘဲ အောက်ခြေ ခိုင်မာဖို့ အရင် ပြုပြင်စေချင်ပါတယ်။ မည်သည့် ပုဂ္ဂလိက ကျောင်းမှ ကျောင်းသားမဆို လေးတန်း၊ ရှစ်တန်း၊ ၁၀ တန်းတွေမှာ အစိုးရက စစ်ဆေးတဲ့ စာမေးပွဲတွေကို ၀င်ဖြေခိုင်း သင့်တယ်လို့ မြင်ပါတယ်။

ဆိုလိုတာက အစိုးရ အနေနဲ့ စတုတ္ထတန်း၊ အဋ္ဌမတန်းနဲ့ တက္ကသိုလ် ၀င်တန်းတွေကို ထိန်းချုပ်ထားပြီး ကျန်အတန်းတွေကိုသာ ပုဂ္ဂလိက ကျောင်းတွေ အနေနဲ့ အတန်းတင်ခွင့်၊ ချခွင့် ပေးသင့်တယ်လို့ ထင်မြင်မိပါတယ်။ မိကျောင်းမင်း ရေခင်းပြခြင်းတော့ မဟုတ်ရပါ။ Computer, Language Lab, Multimedia, Class room တို့ထက် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ အရေးတွေက ပိုမို အရေးကြီးလာပြီလို့ ထင်မြင် ယူဆမိပါကြောင်း။ ယုံတော်မမူပါလျှင် အောက်ထပ်သို့ ဆင်း၍ စစ်ဆေး လေ့လာနိုင်ကြောင်းပါ ခင်ဗျား။

By-ကျောင်းအုပ်ကြီး

(ရန်ကုန်တိုင်းမ် ဂျာနယ်၊ ဇူလိုင် ၅-၁၁၊ ၂၀၁၂)
မောက္ခပညာရေး မဂ္ဂဇင်း
Comment by ရာဇာထွေး 19 hours ago

0 comments:

Post a Comment

image

Lorem ipsum dolor sit

Aliquam sit amet urna quis quam ornare pretium. Cras pellentesque interdum nibh non tristique. Pellentesque et velit non urna auctor porttitor.

image

Nunc dignissim accumsan

Vestibulum pretium convallis diam sit amet vestibulum. Etiam non est eget leo luctus bibendum. Integer pretium, odio at scelerisque congue.